ဟားခါး၊ ဖေဖော်ဝါရီ ၁၅
မြန်မာနိုင်ငံခရီးသွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့၊ ပြည်ထောင်စုဒုတိယဝန်ကြီးများဖြစ်သော ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ဦးကျော်မျိုး၊ ဦးမြင့်ကြိုင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဟားခါးကောလိပ်သို့ ရောက်ရှိကြရာရှင်းလင်းဆောင်၌ ဟားခါးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာလျန်ဇာခုပ်က ဟားခါးကောလိပ်၏ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဟားခါးကောလိပ် အချက်အလက်များနှင့် လိုအပ်ချက်များကို ဒုတိယသမ္မတ၊ ပညာရေးဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြပါသည်။ ယင်းနောက် ဒုတိယသမ္မတသည် ဘွဲ့နှင်းသဘင် အဆောက်အဦတည်ဆောက်နေမှုအား လိုက်လံကြည့်ရူသည်။ ထို့နောက် ဒုတိယသမ္မတသည် နွယ်ချောင်းရေလှောင်တမံတည်ဆောက်မည့်နေရာနှင့် ဟားခါးကောလိပ်ရှိ Chapel ဆောက်လုပ်မည့်နေရာကိုကြည့်ရှုသည်။
ဓါတ်ပုံ-စီဗန်ခိုင်ထန်